သရက်ချောင်း ဇန်နဝါရီ ၁၉
ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာ ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါကစာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် လက်ဆင့်ကမ်းဘောလုံးကောက်ပြိုင်ပွဲ၊ စကားတိုးပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာနှင့် ကလေးအလုပ်သမားဆိုင်ရာနံရံကပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ပြီးနောက်သုတ/ရသ စာအုပ်စာပေများ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက ဖတ်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)