သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ရာ အဆိုပါပြိုင်ပွဲများမှ အားကစားနည်းများ ဆုရရှိသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်း၌ သရက်ချောင်းမြို့၊ (အ.ထ.က)သရက်ချောင်းကျောင်းဝင်းကွင်းပြင်၌ ဆုချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးနှင့်တာဝန်ရှိသူများ၊ သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာကြူနှင့် ဆရာ/ဆရာမများက အမျိုးသား/အမျိုးသမီးမီတာ(၅၀)၊ သံလုံးပစ်၊ အမြင့်ခုန်၊ သံပြားပစ်၊ သုံးဆင့်ခုန်ပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲများတွင်ဆုရရှိသော အားကစားသမားများအား လည်ဆွဲဆုများနှင့် ငွေသားဆုများကို ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရပြီး မြို့နယ်အတွင်း ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အားကစားနည်းများအလိုက် အမြင့်ဆုံးစံချိန်ရရှိသည့် အားကစားသမားအား တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု အားကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)