သရက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာအလင်းရောင် တိုးမြှင့်ထွန်းညှိရေးပရဟိတမှ ဘာသာရပ်ထူးချွန်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရပ်ထူးချွန်ပြိုင်ပွဲကို သရက်မြို့ သာသနာ့အလင်းရောင် ကျောင်းတိုက်ဆရာတော် ဦးဉာဏိန္ဒ လှူဒါန်းတည်ထောင်ထားသော ပညာအလင်းရောင် တိုးမြှင့်ထွန်းညှိရေးပရဟိတအဖွဲ့က မြို့နယ်ပညာရေးဌာနနှင့်ညှိနှိုင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်(နဝမတန်း)မှ ဘာသာရပ်များဖြစ်သော မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများက ဇန်နဝါရီ (၁၈)ရက်နှင့် (၁၉) ရက်နေ့များတွင် ဖြေဆိုသွားကြမည်ဖြစ်သည်။
အဆိုပါ ဘာသာရပ်ထူးချွန်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ သရက်မြို့နယ်၏ ပညာရေး ပုံရိပ် ပိုမိုလှပနိုင်ရေး၊ အလယ်တန်းဆင့်အတွက် အထောက်အကူပြုနိုင်ရေးတို့ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာစာဖြေဆိုသူ (၃၉) ဦး၊ အင်္ဂလိပ်စာဖြေဆိုသူ (၃၂) ဦးနှင့် သင်္ချာဖြေဆိုသူ (၃၂) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)