မင်းဘူးမြို့ အထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က မြို့မကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က အနာဂတ်လူငယ်များ တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပသည့်အခါ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ အ.ထ.က (ခွဲ) မြို့မကျောင်း Grade 9 နှင့် 10 မှကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့် အင်တာနက်၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြား၍ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်ဘုတ်များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)