ကသာ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ မောင်ကျေးဇူးရေးသားသည့် “ ကိုယ့်ကိုယ်ကို နှိမ့်ချမာန်မာနကင်းမှုအနုပညာ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်၊ ကသာမြို့ Book Club အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်းနာယက ဦးချစ်မြိုင်( ကသာသင်းမွှေး )က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမောင်ကျေးဇူးရေးသားသည့် “ကိုယ့်ကိုယ်ကိုနှိမ့်ချ မာန်မာန ကင်းမှုအနုပညာ” ဆောင်းပါးတွင် ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးကလည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ချိုချိုပြုံးမြင့်နှင့်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက ဆောင်းပါးနှင့်ပတ်သက်၍ မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးဘမောင်နှင့်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာတို့က “ကိုယ့်ကိုယ်ကို နှိမ့်ချမာန်မာနကင်းမှု အနုပညာ” ဆောင်းပါးအပေါ် သုံးသပ်ဆွေးနွေးကြခြင်းဖြင့် အသိအမြင်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် ဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့၏လိုအပ်ချက်များကိုသိရှိလာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်းတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့နယ် စာရေးဆရာ အသင်း၊ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)