ဟင်္သာတမြို့နယ်တွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်းပြုလုပ်

ဟင်္သာတ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် “နိုင်ငံတစ်ဝန်းလုံး၌ အသက် (၁)နှစ်မှ(၅)နှစ်အရွယ်ကလေးများကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း(Phase II) မြို့နယ်အဆင့် လုပ်ငန်းလမ်းညွှန်သင်တန်း”ကို ယမန်နေ့က ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း အစီအစဥ်နှင့် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကာကွယ်ဆေးတိုက်ကျွေးပြီးဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ၊ ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းများ သိုလှောင်ခြင်း၊ သယ်ပို့ခြင်းနှင့်ဖြန့်ဝေခြင်း၊လုပ်ငန်းစဉ်များကို စီမံခန့်ခွဲရာတွင် သတိပြုရမည့်အချက်များ မှတ်တမ်းတင်ခြင်း၊ သတင်းပေးပို့ခြင်း၊ အစီရင်ခံခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုကို ကြီးကြပ်ခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းစသည့် အကြောင်းအရာများကို သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေးဌာန၊ ဌာနခွဲများမှ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)နှင့်(၂)များ စုစုပေါင်း ( ၁၁၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

“နိုင်ငံတစ်ဝန်းလုံး၌ အသက် (၁)နှစ်မှ(၅)နှစ်အရွယ် ကလေးများကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Phase II)” ကို ဟင်္သာတမြို့နယ် တွင် First Round အနေဖြင့် (၂၀-၁-၂၀၂၅) ရက်နေ့မှ (၂၆-၁-၂၀၂၅) ရက်နေ့အထိ လည်းကောင်း၊ Second Round အနေဖြင့် (၁-၃-၂၀၂၅) ရက်နေ့မှ (၇-၃-၂၀၂၅) ရက်နေ့အထိ လည်းကောင်း၊ Third Round အနေဖြင့် (၁-၅-၂၀၂၅) ရက်နေ့မှ (၇-၅-၂၀၂၅) ရက်နေ့အထိလည်းကောင်း ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများနှင့်အတူ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)