ပခုက္ကူ ဇန်နဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီ အချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က နိုင်ငံတော်က အားကိုးရသောကောင်းမြတ်သည့် ကိုယ်ကျင့်သီလ၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ အားကစားသမားများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်မှုရရှိပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားတတ်စေရန်၊ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကိုသယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားက အားကစားအဓိဋ္ဌာန်(၄)ရပ်ကို ရွတ်ဆိုကြသည်။
ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရူပဗေဒဌာနအသင်းနှင့် ဓာတုဗေဒဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဓာတုဗေဒဌာနအသင်းက နှစ်ပွဲဖြတ်ဖြင့် အနိုင်ရရှိသည်။ အဆိုပါ ပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ပေါင်းစုံမှသုံးယောက်တွဲနှင့် နှစ်ယောက်တွဲပိုက်ကျော်ခြင်း အားကစားအသင်း ခြောက်သင်းစီဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)