မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့က မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ရေထွက်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးအတွက် မွေးမြူရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေထွက်ကုန်မွေးမြူရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို စိစစ်ဖော်ထုတ်၍ ထိန်းချုပ်ဆောင်ရွက်ခြင်းနှင့် တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့ရာတွင် လိုက်နာရမည့် စံနှုန်းများသင်တန်းနှင့် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းတို့ကို ဖွင့်လှစ်ခဲ့ကြရာ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက တက်ရောက် အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းတို့၌ သင်တန်းသားများအား မိမိတို့၏လုပ်ငန်းခွင်ကို ပြန်လည်ရောက်ရှိသည့်အခါတွင် လက်တွေ့လုပ်ငန်းခွင်နှင့် ပေါင်းစည်း၍ အရည်အသွေးကောင်းမွန်ပြီး ဘေးဥပါဒ် ကင်းသော ရေထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် တင်သွင်းနိုင်ငံများ၏ လိုအပ်ချက်များအတိုင်း ပြုပြင်ထုတ်လုပ်တင်ပို့နိုင်သည်အထိ ငါးလုပ်ငန်းဦးစီးဌာနမှ ပညာရှင်များမှ ဇန်နဝါရီ(၁၈)ရက်မှ(၁၉)ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသား စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြသည်။
ထို့အတူ မြိတ်ခရိုင်အတွင်းမှ ရေထွက်ကုန်ပစ္စည်းများ နိုင်ငံခြားသို့တင်ပို့ရာတွင် အရည်အသွေး မြင့်မားရေးအတွက် ရေငန်ပုစွန်၊ ကင်းပုစွန်၊ ကျောက်ပုစွန်၊ ဂဏန်းပျော့မွေးမြူရေး လုပ်ငန်းများနှင့်အအေးခန်းစက်ရုံများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်း၊ မွေးမြူရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သတ်မှတ်စံနှုန်းများပြည့်မီအောင် ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)