ပုသိမ် ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ်ရှိ ဆီထွက်သီးနှံ(နေကြာ) စံပြစိုက်ခင်း ကြည့်ရှုအားပေးခဲ့ပြီး ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ ဆီထွက်သီးနှံ(နေကြာ) (Super Sun 42)စံပြကွက်(၁၀)ဧကတွင် အပင်ကြီးထွားနှုန်းနှင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ဝတ်မှုန် ကူးခြင်းများအတွက် ပျားပုံးများထားရှိမှု၊ ရေ၊ မြေဩဇာအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်း အောင်စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဖျာပုံမြို့နယ်၊ အောက္ကဘာကျေးရွာ ကြည်ရွှင်ရိုးမြောင်းနှင့် ရိုးမြောင်းဘေးရှိ စိုက်ခင်းများနှင့် ဆီထွက်သီးနှံ (နေကြာ) (Super Sun 41) စံပြကွက်(၁၀)ဧကအား ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူတစ်ဦးက ကြည်ရွှင်ရိုးတူးမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဒုတိယသီးနှံစိုက်ဧက(၂၀၀)ဧကကို အကျိုးပြုနိုင်မည့် အခြေအနေများ၊ ရေနုတ်မြောင်းများ တူးဖော်မှု၊ ရေတံခါးများဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှုနှင့် တာဘောင်များတွင် သီးနှံများစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ စိုက်ပျိုးရေရရှိပြီဖြစ်၍ စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးစေရေးနှင့်အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်း ပတ်တာ အောင်ချမ်းသာရေသွင်းတံခါး(၆ပေ×၆ပေ)(၃)ပေါက် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တင်လှဲ့ချောင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရေသွင်းတံခါးတည်ဆောက်ပြီးစီးမှု အခြေ အနေများ၊ တင်လှဲ့ ချောင်းတူးဖော်ခြင်းကြောင့် ဒုတိယသီးနှံ ၇၀၅ ဧက အကျိုးပြုနိုင်မှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရေထုတ်တံခါးများအား ရေထိန်းတံခါးများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်မည့် အစီအစဉ်များနှင့် ယခုနှစ်တွင် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း နွေစပါးစိုက်ဧက ၄၀၀၀ ခန့် တိုးတက်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ် ကာလအတွင်းပြီးစီးစေရေး၊ စိုက်ပျိုးရေများရရှိပြီဖြစ်၍ စိုက်ဧကအားလုံးစိုက်ပျိုးနိုင်စေရေး၊ စုပေါင်းသမဝါယမစနစ်ဖြင့် ဆိုလာရေတင်စနစ် ဆောင်ရွက်စေရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးမှာကြားခဲ့သည်။
ထို့နောက်စိုက်ပျိုးမြေ အကျိုးပြုဧက(၁၇၅)ဧက၊ အရှည်(၁၁၀၀၀)ပေရှိ ကြက်ဖမွေးဇောင်းကျွန်း ပတ်တာဘေးမြောင်း(ကြက်ဖ)တူးဖော်နေမှု၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ မြောင်းဘေးရှိ ရောင်ခြည်ဦးသမအသင်းမှ ဆောင်ရွက်သည့် 5.0HP 8"Inclined Pump 9.5kw ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနေမှုများနှင့် အဆင့်မြင့် လယ်ယာဧက(၄၀) ဖော်ထုတ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီး စေရေးနှင့် တောင်သူများအားအကျိုးပြုမည့်လုပ်ငန်းများ ဆောင်ရွက်စေရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)