တနင်္သာရီမြို့နယ် အ.မ.ကတပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် တပ်ဦးအခြေခံပညာမူလတန်းကျောင်းပညာရေးမိသားစုက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ Grade-5 မှ ကျောင်းသား/သူလေးများက ဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းသီဆို၍ ပညာရေးစုံညီပွဲတော် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ထို့နောက် မြို့နယ်ပညာရေးမှူး(ကိုယ်စား) မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မာဦးက အဖွင့်အမှာစကားပြောကြားပေးပြီး အ.မ.ကတပ်ဦး ကျောင်းအကျိုးဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးကျော်နိုင်ဌေးက ကျေးဇူးတင်စကားပြောကြားပေးသည်။

ထို့နောက်အ.မ.ကတပ်ဦးကျောင်းမှ ၂၀၂၃-၂၀၂၄ခု၊ပညာသင်နှစ်တွင် ကျောင်းတွင်းကာယ/ဉာဏပြိုင်ပွဲများ၌ အတန်းလိုက်ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသူ/သားများအား ဦးစီးအရာရှိ ဒေါ်ခင်မာဦးနှင့် အငြိမ်းစားဆရာမကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

ဆက်လက်၍ အ.မ.က-တပ်ဦးကျောင်းမှ သင်္ချာဘာသာပြ ဆရာမဒေါ်ဝင့်ဝါအောင်နှင့် မြို့နယ်အဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်(ပထမ)ဆုရရှိခဲ့သည့် Grade-5 မှ မဇင်ဇင်အေးနှင့် မြို့နယ်အဆင့် လွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲ၌ (ဒုတိယ)ဆုရရှိခဲ့သည် Grade-5 မှ မမိုးမြတ်သူတို့အား တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်အိအိသိမ့်က ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက်အ.မ.ကတပ်ဦးကျောင်းမှ ကျောင်းသား/သူလေးများက တိုင်းရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်အကများဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေကြရာ နှစ်သက်သဘောကျသဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးရုံး ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ကျောင်းအုပ်စုမှူးဆရာ/မများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ၊ ကျောင်းသူ/ကျောင်းသားလေးများ၏ မိဘ/အုပ်ထိန်းသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးကြသည်။

ထို့နောက် အ.မ.က-တပ်ဦးကျောင်းမှ ကျောင်းသား/သူလေးများက လမ်းပြကြယ်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး ဆရာ/မများနှင့် ဆုရကျောင်းသား/သူများက စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကာ စုံညီပွဲတော်အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)