ဖလမ်း ဇန်နဝါရီ ၁၀
ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာနှင့် ဒေါက်ထက်ကျေးရွာကြား ကလေး-ဖလမ်း-ဟားခါး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၇ နှင့် ၁၀၄/၀ ကြား၌ ယမန်နေ့ နံနက် ၂ နာရီခွဲခန့်က ကုန်များတင်ဆောင်သည့် (၁၂) ဘီးကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် (၁၅၀) ပေ ခန့် အနက်ရှိသော ချောက်ထဲပြုတ်ကျကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ခိုင်ထောင်ထန် ကလေးမြို့နေသူ မောင်းနှင်လာသည့် ခေါင်းအစိမ်းရောင်၊ ဘော်ဒီမိုးပြာရောင် (၁၂)ဘီးကားသည် ကုန်ပစ္စည်းများတင်ဆောင်ပြီး ကလေးမြို့မှ ဟားခါးမြို့သို့ မောင်းနှင်လာစဉ် ကလေး-ဖလမ်း-ဟားခါးကားလမ်း မိုင်တိုင်အမှတ် ၁၀၃/၇ နှင့် ၁၀၄/၀ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် (၁၅၀) ပေခန့်အနက်ချောက်ထဲသို့ ပြုတ်ကျတိမ်းမှောက်ကာ ယာဉ်မောင်းသည် ဒဏ်ရာများဖြင့် သေဆုံးပြီး ယာဉ်နောက် ပုန်ရှမ်မုံသည်လည်း ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသည်။
ဖလမ်းမြို့ မြို့မရဲစခန်းက ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ဂျွန်(ပြန်/ဆက်)