ဘားအံ ဇန်နဝါရီ ၁၉
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် လေ့ကျင့်သားပြည့်ဝစေရန် ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်မှုကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ အားကစားသမားတည်းခိုဆောင်(၅)ထပ် အဆောက်အဦ၌ ကျင်းပသည်။
ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူးက အထပ်မြင့်အဆောက်အဦ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူသရုပ်ပြသရန် ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုမိန့်တောင်းခံပြီး ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ ဘားအံခရိုင်မီးသတ်စခန်း၊ ဘားအံမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်(၄၀)ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(၂၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ နိုင်ငံတကာအဆင့်မီ Hydraulic Platform Vehicle 48 meter အထပ်မြင့်မီးငြိမ်းသတ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်(၂)စီး စုစုပေါင်းယာဉ်/စက်(၁၃)စီးတို့ဖြင့် မီးလောင်မှုသတင်းကိုရရှိသည်နှင့် ယာဉ်အုပ်စုများထွက်ခွာ၍မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိတ်မိသူများအားဝင်ရောက်ရှာဖွေကယ်ဆယ်၍ အနီးစပ်ဆုံးဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ မီးကိုအပြီးသတ်ငြိမ်းသတ်နိုင်ရေးအတွက် အဆောက်အဦအတွင်းဝင်ရောက်၍ အထပ်အလိုက်မီးငြိမ်းသတ်ခြင်း၊ သက်ဆိုင်ရာယာဉ်အုပ်စုများက မီးကိုအပြီးသတ်ငြိမ်းသတ်ပြီး နောက်မီးလောင်မှုအကြောင်းအရင်းရှာဖွေခြင်း၊ မီးလောင်ဆုံးရှုံးမှုများကိုတွက်ချက်ခြင်း၊ မီးသတ်ပစ္စည်းကိရိယာများပြန်လည်စုစည်း၍ တပ်ဖွဲ့ဝင်များအားပြန်လည်စိစစ်ခြင်းများကို သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးက တပ်ဖွဲ့ဝင်များကိုစိစစ်ပြီးနောက် လူ၊ယာဉ်/စက်ပစ္စည်းများစုံလင်ကြောင်းနှင့် လမ်းညွှန်မှုခံယူနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံ သတင်းပို့ရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အကျိုးရှိရှိ ထိရောက်စွာအသုံးပြုနိုင်ရေး အမြဲလေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မီးသတ်သမားကောင်းတစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်သောစိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့်အတွေ့အကြုံ၊ နည်းပညာကြွယ်ဝမှုတို့နှင့်အတူ ပြည်သူကိုဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပြီး ရှာဖွေကယ်ဆယ်ရေးနည်းပညာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး၍ မိမိနိုင်ငံအတွက်အသုံးချနိုင်ရန်အားထုတ်ကြိုးပမ်းကာ ပြည်သူမှအားကိုးယုံကြည်ရသော မီးသတ်သမားကောင်းများဖြစ်ရန် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားကာ သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဝင်များအတွက် ငွေကျပ်(၁၀)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)