ကန့်ဘလူ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကော်မတီမှ ကြီးမှူးကျင်းပခဲ့သည် ကာယ/ဉာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကော်မတီဝင် ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကာယ/ဉာဏပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသား/ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဦးသန်းထိုက်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်ထိကျင်းပခဲ့ရာ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၄၇ ဦးဝင် ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)