မော်လမြိုင်ကျွန်းမြို့နယ်၊  အ.ထ.က(ခွဲ)(သစ်တိုဆိပ်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တိုဆိပ်ကျေးရွာရှိ အ.ထ.က(ခွဲ) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအနားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မျိုးဆက်သစ်လူငယ်များ စာကြည့်တိုက်များကို ဝင်ထွက်သွားလာပြီး စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အထများ ရရှိလာစေရန်၊ စာပေဖတ်ရှုရခြင်းကြောင့် အကောင်းအဆိုးခွဲခြားတတ်လာစေရန်၊ လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရန်၊ အပြောစွမ်းရည်မြင့်မားလာစေရန်၊ အချင်းချင်းပူးပေါင်းဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့်  လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူ မောင်ကောင်းခန့်လွင်၊ မချယ်ရီလင်းထက်၊ မယွန်းမီမီဖြိုးတို့က (လူငယ်နှင့်ကျန်းမာရေး)၊ မသဲစုမွန်၊ မနန်းဧကရီအောင်၊ မချယ်ရီလှိုင်တို့က (လူငယ်နှင့်စာအုပ်စာပေ)  ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကဏ္ဍအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက် သစ်ဆိုဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူမှ အခမ်းအနားကျင်းပပေးရခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)