ကြံခင်းမြို့ အ.ထ.က(၁)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆရာ မိဘ တွေ့ဆုံဆွေးနွေး

ကြံခင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆရာ မိဘတွေ့ဆုံဆွေးနွေးကြသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သောင်းထွဋ်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆရာ မိဘ ပူးပေါင်းမှသာ အနာဂတ်မျိုးဆက်သစ် သားကောင်းရတနာများ အဆင်ပြေစွာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုနိုင်မှာ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတတ်သည့် ပညာကို ကျောင်းသား၊ ကျောင်းသူများအား နားလည်လွယ်ကူစေရန် သင်ကြားပေးစေလိုပါကြောင်း၊ မိဘများအနေဖြင့် ကိုယ်သားသမီးများအား ကျန်းမာရေးမှအစ အထူးဂရုပြုကြရန်နှင့် ယခုအခါ ဖုန်းသုံးစွဲသူများ ထဲမှာ လူငယ်များ အများဆုံး သုံးစွဲနေကြတာကြောင့်  အချိန်နဲ့သုံးစွဲဖို့ကြပ်မတ်ရန်လိုကြောင်း၊ ဒါမှသာ  တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက ဆရာမိဘကျောင်းသားပူးပေါင်း “သား သမီးပညာရေးကောင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အောင်ချက်မြင့် မားလာဖို့ ဆရာကောင်းလို့လည်းမဖြစ်နိုင် အားလုံး ကောင်းမှသာ ကြံခင်းမြို့နယ်အနေဖြင့် အောင်ချက်အကောင်းဆုံးရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများက သင်ကြားရေး ဆရာ၊ ဆရာမများကို သင်ခန်းစာများ ပြီးဆုံး၍ ပြန်လည်လေ့ကျင့်ခန်းများကို အဆက်အပြတ်လေ့ကျင့်နိုင်ရန် အနီးကပ်ကြီးကြပ်ဖို့လိုကြောင်း၊ မိဘများအနေဖြင့် သားသမီးများကို ဂရုစိုက်ပြီး ကျောင်းစာများပုံမှန်ဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့်ဖို့လိုအပ်ပါကြောင်း၊ သားသမီးများကလည်း ဆရာ၊ ဆရာမများသင်ကြားပေးမှုကို စိတ်ဝင်စားစွာ သင်ယူလေ့လာမှသာ အနာဂတ်လှပမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီးတို့က သင်ခန်းစာများ သင်ကြားပို့ချနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ၅၇ ရက်သာ လိုတာဖြစ်တဲ့အတွက် လစဉ်စာမေးပွဲများ ဖြေဆိုရလဒ်ကို မိဘများအနေဖြင့် ​​ကြည့်ရှုစစ်​ဆေးဖို့လိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသည့် မိဘများမှ အသီးသီးဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ မြို့နယ်ပညာရေးမှူး၊ အ.ထ.က(၁)နှင့် အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး၊ အထက်တန်းပြဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)