မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

မင်းဘူး ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တတိယ(၃)လပတ် (ဧပြီလမှ ဒီဇင်ဘာလကုန်အထိ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် တတိယ(၃)လပတ် (ဧပြီလမှ ဒီဇင်ဘာလကုန်အထိ) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးခရိုင်နှင့် ခရိုင်တွင်းရှိ မြို့နယ်(၅)ခု၌ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများအဖြစ် ပညာရေ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေရရှိရေး၊ စက်မှုလယ်ယာဖွံ့ဖြိုးရေး၊ မြန်မာ့ရေနံ၊ သစ်တော၊ MSME နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက် ခွင်ပြုရန်ပုံငွေဖြင့် လုပ်ငန်းပေါင်း ၁ဝ၅ ခုအတွက် ခွင့်ပြုငွေ ၁၇၃၅၈ ဒသမ ၆၈၃ ကျပ်သန်း၊ တိုင်းဒေသကြီးဘတ်ဂျက် ခွင်ပြုရန်ပုံငွေဖြင့် လုပ်ငန်း ပေါင်း ၃၂၃ ခုအတွက် ခွင့်ပြုငွေ ၁၉၄၈၇ ဒသမ ၈၆၁ ကျပ်သန်းတို့ဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဦးစီးဌာနများနှင့် လုပ်ငန်းများက စီမံကိန်းလျာထား ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ဦးသန်းထွန်းမြတ်က ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်၌ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တတိယ(၃)လပတ် (ဧပြီလမှ ဒီဇင်ဘာလကုန်အထိ) ပြည်ထောင်စုဘတ်ဂျက်ဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၁၀၅ ခုအနက် လုပ်ငန်း ၅၇ ခုကို ခွင့်ပြုရန်ပုံငွေ  ၉၂၃၈ ဒသမ ၉၆၅ ကျပ်သန်း၊ ထို့အတူ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လုပ်ငန်းအမျိုးအစားပေါင်း ၃၂၃ ခုအနက် လုပ်ငန်း ၂၅၉ ခုကို ခွင့်ပြုရန်ပုံငွေ ၁၄၃၇၂ ဒသမ ၄၅၁ ကျပ်သန်းတို့ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းစီမံကိန်းများအလိုက် လုပ်ငန်းပေါင်း ၃၁၆ ခုကို (၁၀၀) ရာခိုင်နှုန်း ရာနှုန်းပြည့်ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)