တောင်တွင်းကြီး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အုန်းတော (၂) ရပ်ကွက်၊ ဘဝနတ်နန်း စံမြန်းသောမူသွားသော ရတနာစည်ပင်သာယာကျောင်း ဦးစီးပဓာနနာယက ဘဒ္ဒန္တဓမ္မေသက (သက်တော် ၇၃ နှင့်၊ ဝါတော် (၅၃)ဝါ) ၏ အန္တိမအဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နေလယ် (၃) နာရီအချိန်က ရတနာစည်ပင်သာယာကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာ့တော်များက “သဗ္ဗေသင်္ခါရာ” အစချီတော် သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက၊ သာယာအေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာန၊ သဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တ စာရိတ္တဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ရတနာစည်ပင်သာယာကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မေသက၏ ထေရုပ္ပတ္တိအကျဥ်းကို စွယ်တော်စဥ်ကျောင်း ဆရာတော် ဦးဓမ္မသီရီမှ ဖတ်ကြားခဲ့သည်။
ဆက်လက်၍ “သာဓုကီဋ္ဌနပူဇာ ဥယျောဇနဂါထာ” ကို မှန်ကျောင်းဆရာတော် ဦကစာရမှ ဖတ်ကြားပူဇော်ခဲ့ကာ “ပစ္ဆိမဝန္ဒနာဂါထာ” ကို အောင်မြေဘုံကျောင်းဆရာတော် ဦးအဂ္ဂသေနမှ ဖတ်ကြားခဲ့ပြီး “အပြစ်ရှိက ခွင်လွတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာ” ကို ရတနာစည်ပင် သာယာကျောင်း ဆရာတော် ဦးခေမာစာရမှ တိုင်ကြားပေး၍ တပည့်ဒါယကာ/ ဒါယိကာမတို့က တောင်းပန်ကန်တော့ခဲ့ပြီး တိုင်းသံဃာဝန်ဆောင်ဆရာတော် ကန်တော်မင်းပရိယတ္တ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ သုစိတ္တဆရာတော်ထံမှ သံဝေဂတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “အနိစ္စာဝတအစချီသော” သံဝေဂသုံးဂါထာကို ရွတ်ဖတ်ပူဇေအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)