ကျုံပျော်မြို့နယ်တွင် မြစိမ်းရောင် (အသားကဏ္ဍ) (၈) ကြိမ်မြောက် ပေးအပ်ပွဲပြုလုပ်

ကျုံပျော် ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်ကာ ရေစခန်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာသို့ မြစိမ်းရောင် (အသားကဏ္ဍ) (၈)ကြိမ်မြောက်ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံး၌ ယ‌မန်‌နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက မြစိမ်းရောင်ချေးငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်၊ အသားထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဝက်မွေးမြူရေးလုပ်ငန်းတွင် ဝက်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရေစခန်းကျေးရွာ မြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်ထွေးထံသို့ မြစိမ်းရောင် (အသားကဏ္ဍ)ချေးငွေ အရင်း(၃၀၀)သိန်းနှင့် အတိုးငွေ(၃၆)သိန်း စုစုပေါင်း (၃၃၆)သိန်းကျပ်အား ပေးခဲ့သည်။

အဆိုပါ (၈)ကြိမ်မြောက် မြစိမ်းရောင် (အသားကဏ္ဍ) ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်အဆင့် မြစိမ်းရောင်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရေစခန်းကျေးရွာ မြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)