မင်းလှမြို့၌‌ မွေးမြူရေးဆောင်ရွက်ရာတွင် စနစ်တကျမွေးမြူနိုင်ရေးနှင့် စိုက်ပျိုးရေး နည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးဆောင်ရွက်ရာ၌ စနစ်တကျမွေမြူနိုင်ရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များဆိုင်ရာ ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ဦးကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကျင်းပခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မျိုးနွားသိုးများအား မှတ်ပုံတင်ပြုလုပ်နိုင်ရေး၊ ဒေသကြက်များကို တိုးချဲ့မွေးမြူနိုင်ရေးနှင့် တိရစ္ဆာန်အမျိုးအစားအလိုက် သက်ဆိုင်ရာကာကွယ်ဆေးများကို ထိုးနှံနိုင်ရေး၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့အား ဆွေးနွေးပြောကြားသည်။

ထို့နောက် သရက်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်က‌ တောင်သူများမွေးမြူထားသော မျိုးနွားသိုးများကို မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် မျိုးနွားသိုးကျန်းမာရေးကောင်းမွန်မှု ရှိ၊ မရှိ သွေးစစ်ဆေးနိုင်ရေး ဆောင်ရွက်မည့်အခြအနေများကိုလည်းကောင်း၊ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်က ဝက်မွေးမြူရေးနှင့် ဒေသကြက်များကို ခြံဆောက်လုပ်၍ စနစ်တကျ မွေးမြူခြင်းဖြင့်‌ နေ့စဉ်ဝင်ငွေရရှိနိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးစိုးသိန်းက သီးနှံစိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ရာသီအလိုက် သီးနှံစိုက်ပျိုးရေး၊ သီထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ် တာဝန်ရှိသူများက ပြန်လည်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ရေခါးကျေးရွာမှ ဒေသခံတောင်သူများ မွေးမြူထားသောဆိတ်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)