ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာကြားရှိ မုန်းချောင်းကို အဆင်ပြေစွာ သွားလာနိုင်ရန် ဒေသခံပြည်သူများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ်

ပွင့်ဖြူ ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာရှိ မုန်းချောင်းကို ဒေသခံပြည်သူများ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ဇန်နဝါရီ ၁၇ ရက်နေ့က ရပ်ကွက်‌နေပြည်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းပြီး ယာယီဝါးတံတား ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါယာယီဝါးတံတားဆောက်လုပ်ရန်အတွက် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ အမေထွား (ပဲဆီသန့်) မိသားစုက လိုအက်သည်များကို ပံပိုးကူညီပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက စုပေါင်းဆောက်လုပ်ကြခြင်းဖြစ်သည်။

မုန်းချောင်းသည် ပွင့်ဖြူမြို့နယ်ကို ရစ်ခွေစီးဆင်းလျက်ရှိသဖြင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေ ရာသီမပြတ်ရရှိနေကြောင်း၊ ပွင့်ဖြူမြို့နှင့် သမန်းရင်းကျေးရွာ ကြားရှိ မုန်းချောင်းသည် အကျယ် အရှည်ပေ ၁၀၀၀ ခန့်ရှိကာ ယခုလို ပွင့်လင်းရာသီကာလ ချောင်းရေကျသည့်အချိန်တွင် ဒေသခံပြည်သူများက မြို့ပြနှင့်ကျေးလက် လွယ်လင့်တကူ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန် နှစ်စဉ် ယာယီဝါးတံတား ဆောက်လုပ်ကြကြောင်း သိရသည်။

အဆိုပါ ယာယီဝါးတံတား ဆောက်လုပ်ရန်အတွက် အမေထွား (ပဲဆီသန့်) မိသားစုက မတည်လှူဒါန်းပေးလျက်ရှိကြောင်း သိရကာ ယမန်နေ့က ရပ်ကွက်နေပြည်သူများနှင့် မုန်းချောင်းတစ်ဖက်ကမ်းရှိ ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားများက မြို့ပြနှင့်ကျေးလက်ဒေသ သွားလာရေး လွယ်ကူစေရန် ယာယီဝါးတံတားကို စတင်ဆောက်လုပ်လျက်ရှိပြီး ယင်းယာယီဝါးတံတား ဆောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများအပြင် မုန်းချောင်းတစ်ဖက်ကမ်းရှိ ကျေးရွာများဖြစ်သည့် သမန်းရင်းကျေးရွာ၊ ညောင်ပင်စောက်ကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ အင်းနက်ကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ ဒေသခံကျေးလက်နေပြည်သူများ ‌မော်ဝောာ်ဆိုင်ကယ်များဖြင့် အချိန်ကုန် လူပင်ပန်းသက်သာစွာ စီးနင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)