မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဝါးရခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ Grade-11 မှ ကျောင်းသူ မခိုင်သဇင်က “မူးယစ်ကင်းစင်ပြုံးပျော်ရွှင်” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-10 မှ ကျောင်းသူ မ အေးမြတ်ကျော်က “လူငယ်နှင့်ယဥ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ ကျောင်းသူ မနော်မြသဇင်စိုးက “အချိန်၏တန်ဖိုး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade–9 မှ ကျောင်းသူ မဖြိုးအိအိစံက “စာကြည့်တိုက်မှာ ပညာရှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 မှ ကျောင်းသား မောင်မင်းထက်က “လူငယ်နှင့်အားကစား”ခေါင်းစဥ်များဖြင့်အသီးသီး ဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူ များကပြန်လည် ဖြေကြားပေးခဲ့သည်။ အဆိုပါ အခမ်းနားသို့ ကျောင်းသား/သူများ (၂၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)