ငပုတော ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဥယျာဉ်ကုန်းရပ်ကွက်အတွင်း အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူအပ်သော ရှေးဟောင်းသမိုင်းဝင် မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၏ ဌာပနာတော် သွင်းလှူပူဇော်ခြင်းမဟာမင်္ဂလာ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဘုရားရင်ပြင်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီး မြို့နယ်သာသနာရေး ဦးစီးမှူးက ရောင်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် သဗ္ဗညုတ ဘုရားရှင်ကို ပင့်ဆောင်ပူဇော်သည်။ ထို့နောက် နတ်ဗြဟ္မာတို့အား ပင်ဖိတ်ပြီး ငပုတောမြို့ တောရကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဌာပနာတော်များနှင့်တကွ လှူဖွယ်ဝတ္တုအစုစုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး ဒေါ်နီလာထွန်း မိသားစုနှင့် စေတနာရှင် အလှူရှင်များက ဆရာတော် အရှင်သူမြတ်ထံ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရား နာယူကြည်ညိုကြပြီး သံဃာတော်များနှင့် အလှူရှင်များက စေတီတော် ရင်ပြင်တော်ပတ်လည်ရှိ ဝတ္ထုကံရင်ပြင်တော်ပတ်လည်တွင် လကျာ်ရစ်သုံးကြိမ် လှည့်လည်၍ အပူဇော်ခံပြီး မင်္ဂလာအချိန် ရောက်ရှိသည်နှင့် တပြိုင်နက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ပင်မစေတီတော်မြတ်နှင့် အရံစေတီတော်များ အသီးသီးတွင် သွင်းလှူပူဇော်ကြပြီး အောင်ဂါထာများ ရွတ်ဆိုခဲ့ကြသည်။
ယင်းနောက် ရေစက်ချမင်္ဂလာအခမ်းအနားကို အဆိုပါ ဘုရားရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ပြီး တောရကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာစက္ကထံမှ ရေစက်ချ အနုမောဓနာ တရားနာယူကြည်ညိုပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီးပြောက်ခဲ့ပြီး ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)