စစ်ကိုင်း ဇန်နဝါရီ ၁၇
စစ်ကိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်က အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မိမိကျော်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှာ့ချရေး အားလုံးပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေဇင်စိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ထက်ယမင်းအောင်က အမျိုးသမီးများနင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောဆွေးနွေးပေးခဲ့ကြသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးချုပ်ရုံးမှ ပေးပို့လာသော မီးခိုးမြူငွေ့လျှော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM2.5 အကြောင်း အသိပညာပေး Video Clip ကိုပြသ၍ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များက အသိပညာပေး ဟောပြောခဲ့ကြသည့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်( ပြန်/ဆက်)