ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျပန်းစကားပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ကန့်ဘလူ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကော်မတီမှ ကြီးမှူးကျင်းပသည့် အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီ (၁၇)ရက်နေ့ နံနက် (၉)နာရီခွဲက စတင်ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် အမှတ်ပေးစည်းကမ်းများနှင့် ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ ဘာကြောင့်စာဖတ်သင့်သလဲ၊ စာပေ၏တန်ဖိုး၊ အိမ်တစ်အိမ် စာအုပ်စင်တစ်စင်၊ ကျောင်းတစ်ကျောင်း စာကြည့်တိုက်တစ်တိုက် စသည့်ခေါင်းစဥ်သုံးမျိုးတို့အား မဲနှိုက်၍ ကျရာခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်စေရာ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။

ဆက်လက်၍ မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၌ မိမိကြိုက်နှစ်သက်ရာကဗျာဖြင့် ယှဥ်ပြိုင်ကျရာ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲများမှ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ (၁၈)ရက်နေ့ ကျင်းပမည့် ဆုချီးမြှင့်ပွဲအခမ်းအနား၌ တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)