ပန်းတ‌နော် မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပန်းတနော် ဇန်နဝါရီ ၁၇

ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနိကအဆောက်အဦများ၊ စာသင်ကျောင်း၊ စျေး၊ စက်ရုံ၊ အလုပ်ရုံများသို့ တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများအသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ထားရှိရန် စသည့်မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ဒေသခံပြည်သူများအား အသိပညာပေးဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)