မြဝတီ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊မြဝတီမြို့နယ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် မော်တော်ယာဉ်ချောက်ထဲ ထိုးကျတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ (၁၈) ဦးအတွက် မြန်မာ့အာမခံ လုပ်ငန်းမှ သူတစ် ပါးထိခိုက်မှု အာမခံလျော်ကြေးငွေကို ယမန်နေ့ ညနေ့(၄)နာရီက မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦး(ကျား ၅ ဦး၊မ ၁၃ ဦး) အတွက် သူတစ်ပါးထိခိုက်မှု လျော်ကြေးငွေကျပ် သုံးဆယ့်သုံးသိန်လေးသောင်းတိတိကို ရရှိသည့် ဒဏ်ရာများအပေါ်မူတည်၍ အနည်းဆုံးငွေကျပ် တစ်သိန်း နှစ်သောင်းနှင့် အများဆုံးငွေကျပ် ငါးသိန်း၂ သောင်း ၊ စုစုပေါင်းငွေကျပ် ၃၃ သိန်း ၄ သောင်းကို မြန်မာ့အာမခံလုပ်ငန်း၊ မြဝတီခရိုင်တာဝန်ခံ ဒေါ်ဝင်းဝင်းသန်းက လူနာရှင်များအား ပေးအပ်ခဲ့ကြောင်းနှင့် လျော်ကြေးငွေများပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်ရာ ဇန်နဝါရီလ ၃ ရက်နေ့က အာရှလမ်း ကွမ်းခြံကုန်းရှေ့တွင် ရန်ကုန်မှလာသော အလင်းရောင်မိုး မှန်လုံကားနှင့်ပရိုဘောက်ကားတစ်စီးတို့ တိုက်မိကာ အလင်းရောင်မိုးကားမှာ ချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၂၀ ဦးနှင့်ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့သည်။ ဒဏ်ရာရရှိသူများမှာ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် သူများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသား ပြည်ပ အလုပ်သမားအသက်အာမခံလျော်ကြေးငွေများကိုလည်း ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)