ဒေးဒရဲ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးအန္တရာယ်များက တားဆီးကာကွယ်ရန်၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့မှစတင်၍ မြို့နယ်အားကစားခန်းမ၌ သင်ကြားလေ့ကျင့်ပေးလျက်ရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများက အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်သင်ယူလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အဆိုပါသဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသင်တန်း လေ့ကျင့်သင်ကြားနေမှုအား ဖျာပုံခရိုင်၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး တပ်ဖွဲ့ဝင်များအား မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ရွာအခြေပြု မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် မြို့နယ်သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရာတွင် လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်များဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူတကွ ပါဝင်ဆောင်ရွက်သွားရမှာဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးကြိုးစားစား သင်ယူလေ့လာသွားကြရန်နှင့် သင်ယူခဲ့သော ဘာသာရပ်များကို အခြေခံပြီး မိမိရပ်ရွာဒေသ မီးဘေးလုံခြုံရေး၊ ရပ်ရွာသဘာဝဘေးအန္တရာယ် လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးဟောပြောခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး ရွေးချယ်စုဖွဲ့ထားပြီး စည်းကမ်းသေဝပ်မှုနှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှ (၃၁) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း