ကြံခင်းမြို့နယ်တွင် Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကြံခင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁၂ နာရီက Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က ကျန်းမာရေးဝန်ကြီးဌာန၏ “သားသမီးအပေါ်မေတ္တာထား ကာကွယ်ဆေးနှင့်ရောဂါထား” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ၌ နိုင်ငံအနှံ့ ကာကွယ်ဆေးလွှမ်းခြုံမှု (၉၀)ရာနှုန်းခန့်ရှိနေရာမှ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ရခြင်းကြောင့် ငါးမျိုးစပ်ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော (၅) နှစ်အောက် ကလေးငယ်များနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော (၅) နှစ်အောက်ကလေးငယ်များ (၁) သန်းခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းများ​အရသိရှိရပါကြောင်း၊ ကလေးများ အားလုံး ကြိမ်ပြည့်ရရှိစေနိုင်​စေရန်အတွက် ယခုလို Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ကြံခင်းမြို့နယ်အတွင်းမှာရှိတဲ့ အသက် (၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များ အနက်မှ ငါးမျိုးစပ်ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော အသက်(၁)နှစ်မှ(၅)နှစ်အရွယ် (Zero-dose children) နှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသော (၅) နှစ်အောက်ကလေးငယ်များ (Under- immunized children) စုစုပေါင်း (၃၉၁)ဦးအား (၂)လစီခြားလျှက် ဇန်နဝါရီလ၊ မတ်လနှင့် မေလများတွင် (၃)ကြိမ်တိုင်တိုင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသွားမှာ ဖြစ်ပါကြောင်း၊ ဒီလုပ်ငန်းမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ကောင်းမွန်နိုင်ရေးသည် လွန်စွာ အရေးကြီးတာကြောင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များအား မေးမြန်းကြရာ ဒေါက်တာဝင်းနိုင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)