ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပြည်နယ်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁:၃၀) နာရီခွဲက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္က၊ ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း မီးခိုးမြူငွေ့လျှော့ချနိုင်ရေးနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်မှာ ယခင်နှစ်က ဟော့စပေါ့အရေအတွက်ထက် ၂၀ ရာခိုင်နှုန်း လျှော့ချရမှာဖြစ်ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး၊ 3Rs စနစ်ကိုလည်း ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်ကူညီပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဥမ္မာမြင့်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရက ပြည်နယ်အဆင့် ပလတ်စတစ် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျှဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)