ဖြူး ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က လိပ်သေကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါအန္တရာယ်အကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပပလင်းက ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသောက်ရေး၊ စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ပုံပြင်ပြောအစီအစဥ်များ၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများ ဖတ်ရှုစေခြင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် စာအုပ်ပြပွဲများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)