ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာ၌ မဲဇလီရေလွှဲဆည်ရေဖြင့် စပါး ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ၃၃၂၃၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စပါး ၃၃၂၃၅ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသတွင်းရှိ တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲတတ်စေရေး စသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

"ဒီနှစ် နွေသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုပွားစေရန်ရည်ရွယ်ပြီး စပါး ၃၃၂၃၅ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ သတ်မှတ်ထားတဲ့ စိုက်ဧကတွေ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက်ကိုလည်း တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ကာ စပါးသီးနှံ စတင်မစိုက်မီအချိန်ကတည်းက ကြိုတင်ပြီး စိုက်ပျိုးရေးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးကောင်းသန့်ရရှိရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးဦးစီးဌာနအပြင် စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ဌာနများနဲ့ ချိတ်ဆက်ကာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်  မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး ၃၃၂၃၅ ဧက၊ နွေနှမ်း ၂၇၁၉၃ ဧက၊ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆာဖိုးသာ၊ GW-1၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ချမ်းမြေမေ စသည့် စပါးမျိုးများကို  စိုက်ပျိုးကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)