ဘားအံ ဇန်နဝါရီ ၁၇
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၉)သို့တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော ကရင် ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသောစစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ် ဆောင်ရွက်ပေးကြဖို့မှာကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးအဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ရေးတို့အတွက် မွန်မြတ်သော တာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉)သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများ အား တစ်ဦးချင်းရင်းနှီး နွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)