ပွင့်ဖြူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၁၁၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၁၁၂၄ ဧက စိုက်ပျိုးရန် လျာထားပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ကြက်သွန်နီ ၁၁၄၈ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၂၄ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၁၂၄ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ကြက်သွန်နီ စိုက်ပျိုးတောင်သူတွေကို အထွက်နှုန်း တိုးတက်စေဖို့နဲ့ စားသုံးသူ ပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)စနစ်နဲ့ အညီ စိုက်ပျိုးနိုင်အောင်လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် ဆောင်းသီးနှံရာသီ၌ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းများ ကောင်းမွန်စေရေး၊ အစားအစာ ဘေးကင်းလုံခြုံသော အရည်အသွေးကောင်း ကြက်သွန်နီများ စိုက်ပျိုးထွက်ရှိရေး စိုက်ပျိုးရေးနည်းပညာဆိုင်ရာ တောင်သူပညာပေးဆွေးနွေးပွဲများ၊ စိုက်နည်းစနစ် မှန်ကန်ရေး သရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )