ပွင့်ဖြူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ပဲစင်းငုံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက စတင်သိမ်းဆည်းခြွေလှေ့လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် သီးနှံအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ပဲစင်းငုံစိုက်ပျိုးတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မုံရွာရွှေဒင်္ဂါးပဲစင်းငုံမျိုးကို အားထားစိုက်ပျိုးခဲ့ကြကြောင်း၊ သက်တမ်းရှည်သီးနှံဖြစ်သည့်အတွက် သီးနှံအပိုဝင်ငွေရရှိစေရန် သုံးလပင်ထောင်မြေပဲ၊ နှမ်း၊ ပဲတီစိမ်း စသည့် သီးနှံများဖြင့် တွဲဖက်ကာ သီးထပ် သီးညှပ်အဖြစ် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသမှာ မိုးရာသီက စိုက်ပျိုးခဲ့တဲ့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေဟာ အသီးများ ရင့်မှည့်လာပြီဖြစ်လို့ ယခုလဆန်းပိုင်းကစပြီး တောင်သူတွေက လှိုင်လှိုင်သိမ်းဆည်းခြွေလှေ့နေကြပါတယ်။ ဒီနှစ်က မိုးရွာသွန်းမှုကလည်း ကောင်းခဲ့တော့ ပဲစင်းငုံသီးနှံစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧကကို ပဲစင်းငုံ (၁၃)တင်းလောက် ထွက်ရှိပါတယ်။ ဒါပေမယ့် ပဲစင်းငုံဈေးနှုန်းက ပြီးခဲ့တဲ့နှစ်လောက် ဈေးမရဘူး။ ပြီးခဲ့တဲ့နှစ်က ပေါ်ဦးပေါ်ဖျား ပဲစင်းငုံတစ်တင်းကို ငွေကျပ် ၁၂၀၀၀၀ ဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒီနှစ်မှာတော့ ပဲစင်းငုံတစ်တင်း ငွေကျပ် ၉၇၀၀၀ ဈေးနဲ့သာ ရောင်းချနေရပါတယ်။ ပဲစင်းငုံအထွက်နှုန်းကောင်းတဲ့အတွက် တောင်သူတွေ လုပ်ငန်းအဆင်ပြေပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူ ဦးစိန်ဌေးက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ ၈၃၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၅၉၁၄ ဧက စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ပဲစင်းငုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ရေပုတ်ကြီးကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ မဲဇလီကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ရေယာဉ်ကျေးရွာ၊ ချောင်းဆုံကျေးရွာနှင့် ကန်ရွာကျေးရွာတို့တွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေး နှစ်စဉ် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)