ဖျာပုံ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော Big Catch -Up နည်းလမ်းဖြင့်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း (Phase ၊၊) အား အသိပညာပေးရှင်းလင်းပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အဆိုပါ Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း (Phase ၊၊) အား အသိပညာပေးရှင်းလင်းပွဲတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းက Big Catch -Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း (Phase ၊၊) အား ထိုးနှံပေးမည့် အစီအစဥ်များနှင့်ပတ်သက်၍ ဖျာပုံမြို့နယ်အနေဖြင့်ပထမကြိမ်ကို (၂၀-၁- ၂၀၂၅) ရက်နေ့မှ (၂၆-၁- ၂၀၂၅) ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ကို (၁-၃- ၂၀၂၅) မှ (၇-၃-၂၀၂၅) ထိလည်းကောင်း၊ တတိယအကြိမ်ကို (၁-၅- ၂၀၂၅)မှ (၇-၅- ၂၀၂၅) ရက်နေ့ထိလည်းကောင်း (၃) ကြိမ်တိုင်တိုင် မြို့နယ်အတွင်း (၁) နှစ်မှ (၅) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးငယ်များနှင့်ကာကွယ်ဆေးမပြည့်မီလိုက်သော ကလေးငယ်များအား ကာကွယ်ဆေးလိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းကြရာ ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာရဲဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်များနှင့် ဖိတ်ကြားထားသောဧည့်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံ ခရိုင် (ပြန်/ဆက်)