မြဝတီ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မူလွန်(စောနေစိုးမြ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးရန်နိုင်ထွန်းက မီးခိုးမြူငွေ့ဆိုးကျိူးအန္တရာယ်များနှင့် ပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုမှကာကွယ်နိုင်ရန် ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေးတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အတတ်ပညာသာမက ပြင်ပစာပေ ဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ ပညာဖြင့်သာ အမှားနှင့်အမှန်ခွဲခြားသိမြင်နိုင်မည်ဖြစ်၍ မိမိဘဝရည်မှန်းချက်ပန်းတိုင်လျှောက်လှမ်းရာတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ဟောပြောသည်။
ဆက်လက်၍ဟောပြောပေးသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန် သည့် ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။ ထို့နောက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရမည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)