ပွင့်ဖြူ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုအား တင်ဒါလုပ်ငန်းရှင်များထံ အောင်မြင်စွာရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် တင်ဒါဈေးပြိင်လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ ဝယ်ယူလုပ်ကိုင်လိုသူများ လိုက်နာရမည့် လိုင်စင်စည်းကမ်းချက်များနှင့် ရည်ညွှန်းဈေးနှုန်းသတ်မှတ်ထားရှိမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် လေလံရောင်းချရေးအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)ခုနှင့်စပ်လျဉ်း၍ တင်ဒါလုပ်ငန်းရှင်များ အဆင်ပြေစွာဝယ်ယူနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ မြို့နယ်လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် တင်ဒါဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၅၀)တွင် အမဲ၊ ဆိတ်၊ ဝက် လုပ်ငန်းလိုင်စင်၊ မြို့ပြနှင့် ကျေးလက်ဒေသအခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက် စသည့် လုပ်ငန်းလိုင်စင်တို့ ပါဝင်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)