သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူး‌‌ပေါင်း၍ ကျောင်းသား/ သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/ သူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က ကျောင်းသား/ သူများအား ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအ‌ကြောင်း အသိပညာပေးဟောပြောရာ ဆောင်းရာသီကာလတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် - ၁၉ ရောဂါပိုး၊ Human metapneumovirus (HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ် ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်းနှင့် ရောဂါကူးစက်ပုံနည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေး သတိပြုကာကွယ်ကြရန်နှင့်သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြသ၍ ကုသမှုခံယူကြရန် စသည့်အကြောင်းအရာများဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)