ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းမြေပဲများစိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံ ဆောင်းမြေပဲကို ၅၇၁၉ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ပြီး၊ အဆိုပါမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် မိမိတို့၏လယ်ယာမြေအသီးသီးတွင် ဆောင်းမြေပဲကိုနှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးကြသည်။ တောင်သူများအနေဖြင့် စာသုံးဆီဖူလုံစေရန် လျာထားချက်ပြည့်မီအောင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တောင်သူများစိုက်ပျိုးထားရှိသော ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် တောင်သူများအား သဘာမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေးနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက ကူညီပံ့ပိုး‌ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)