ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer)ကို  (၃၉၀)ဦး ထိုးနှံပေး နိုင်ခဲ့

ပိုင်ကျုံ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈)နှစ်အထက်နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့က  ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က အသက်(၁၈)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Pfizer)ကို ဇန်နဝါရီလ ၁၄ ရက်‌ နေ့မှ ၁၆ ရက်နေ့အထိ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၃၉၀)ဦးရှိကြောင်း သိရသည်။

ယင်းကာကွယ်ဆေးသည် ဂျာမနီနိုင်ငံမှထုတ်လုပ်သော ကိုဗစ်ကာကွယ်‌‌ဆေးဖြစ်ပြီး ကာကွယ်ဆေးအား ထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့်အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါများ ကူးစက်ခံရပါက ပြင်းထန်မှုနှင့်သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)