ပိုင်ကျုံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အ-မ-က ပိုင်ကျုံ(မြန်မာစု)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူလေးများက လမ်းပြကြယ်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းတစ်ကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် မိဘဆရာ ကျောင်းသားများ လက်တွဲညီညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ ပညာရေး ဆောင်ပုဒ်ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်အညီ ကျောင်းသား/သူများနှင့် ဆရာ/မများတို့က လိုက်နာကျင့်သုံးရန်နှင့် ကျောင်းသားလူငယ်များတို့၏ စိတ်ဓာတ်ခွန်အား၊ မှတ်ဉာဏ်ခွန်အား တိုးတက်အောင် မိဘနှင့်ဆရာများတို့က ဝိုင်းဝန်းသွန်သင်ဆုံးမရန်လိုကြောင်းကို အ-ထ-က ပိုင်ကျုံကျောင်းအုပ် ဆရာမကြီးမှလည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူလေးများအား တာဝန်ရှိသူများတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်အခမ်းအနားတွင် တက်ရောက်လာသူများအား ကျောင်းသား/သူလေးများက အက၊ အလှတေးသရုပ်ဖော်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံကျောင်းအုပ်ဆရာ/မများ၊ ကျောင်းသား မိဘများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)