ငဖဲ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက လူငယ်များ အကောင်းဆုံးဘဝခရီးကို လျှောက်လှမ်းနိုင်ရန်အတွက် မိဘ၊ ဆရာသမားများ၏ အကြံကောင်းတွေလိုအပ်ပြီး စာအုပ်စာတမ်းများမှလည်း အကြံဉာဏ်များရယူ၍ စိတ်ဓာတ်ခွန်အားနှင့် မှန်ကန်သည့် လမ်းညွှန်မှုများကိုပေးကြောင်း စတင်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ် (Book Club)အဖွဲ့ဝင် မောင်အောင်နိုင်ဝင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်မှ လူငယ်များအနေဖြင့် အောင်မြင်ရန် တည်ဆောက်သည့်အခါ ကောင်းမွန်သည့်အလေ့အထ၊ အလေ့အကျင့်များဖြင့် မိမိကိုယ်ကိုတည်ဆောက်ယူရမည်ဖြစ်ကြောင်း၊ မိမိအတွက် မှန်ကန်သည့် အမြင်များထားရှိရမှာဖြစ်သလို အခြားသူများအတွက်လည်း မှန်ကန်သည့်အမြင်များထားရှိမှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် (Book Club)အဖွဲ့ဝင် မစိုးစိုးအေးက ပညာမြင့်မှ လူမျိုးမြင့်မည်ဖြစ်သည့်အတွက် ပညာမြင့်ရန် လူငယ်များ စာဖတ်ကြရမည်ဖြစ်ကြောင်းနှင့် လူငယ်နှင့်အလှအပဆိုင်ရာ သိကောင်းစရာများကို ထုတ်နုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့်အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။၊
ငဖဲမြို့နယ်ရုံးအနေဖြင့် စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)