ရေဖြူမြို့နယ်၊ ပညာရေးဌာန၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

 ရေဖြူ ဇန်နဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းသူ၊ကျောင်းသားများ၏ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ-ထ-က ရေဖြူကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်ဖွင့်ပွဲ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြှီး  မြို့နယ်ပညာရေးမှူး ဒေါ်သန္တာပြုံးက ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏တန်ဖိုးများ၊ ကျောင်းဘက်စုံဖွံ့ဖြိုးစေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်းပံ့ပိုးပူးပေါင်းကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားပြီးကြောင်း သိရသည်။

ထို့နောက် ပညာသင်နှစ်အတွင်း မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကျောင်းသူ၊ ကျောင်းသားလေးများက ပညာရေးစုံညီပွဲတော်သီချင်း၊ ဗေဒါရီသီချင်း၊ တောင်ယာဝင်ချိန်၊ ကောက်စိုက်တေးနှင့်ထာဝရသစ္စာသီချင်းတို့ဖြင့် အဖွဲ့အလိုက် အကပဒေသာများဖြင့် ပျော်ရွှင်စွာကပြဖျော်ဖြေခဲ့ကြရာ တက်ရောက်လာသူများနှင့် ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ခတ္တာ