ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်) Grade-4 မှ ကျောင်းသား/သူ (၁၂)ဦးတို့က “ပလတ်စတစ်အိတ်ကလေး၏ခရီးစဉ်”စာအုပ်နှင့် “ကြွက်မလေး၏အိမ်ထောင်ဖက်” စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားလည်းကောင်း၊ Grade-2 မှ ကျောင်းသား/ကျောင်းသူ (၁၇)ဦးတို့က မိမိတို့စိတ်ကြိုက်ပုံပြင်များပြောခြင်းဖြင့် ပုံပြောပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)