မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

ရေနံချောင်း ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံချောင်းရေနံမြေ စွမ်းအင်ဧည့်ရိပ်သာ(၁၇)အစည်းအဝေးခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများကို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ရေနံချောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ မြို့နယ်ဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ ရေနံချောင်းရေနံမြေအထွေထွေမန်နေဂျာ ဦးလှမြင့်က ရေနံမြေလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်ဦးတင့်လွင်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားရာတွင် ရေနံချောင်းမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြသည့် ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံဝင်ငွေတိုးပွားရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျမွေးမြူထုတ်လုပ်နိုင်ရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)