မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်

မင်းဘူး ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

“အနယ်နယ်အရပ်အရပ်က ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ်တည်းခိုနားနေနိုင်စေဖို့ တည်းခိုဆောင်အခန်းပေါင်း ၆၀၀ ကျော်နဲ့ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ကို စတင်ဆောက်လုပ်နေပါတယ်။ လက်ရှိမှာတော့ နမ္မဒါတည်းခိုဆောင်အပါအဝင် ငွေသောင်ယံနှင့် မန်းချောင်းသောင်ပြင်တစ်လျှောက် တည်းခိုဆောင်နဲ့ ဈေးဆိုင်အခန်းပေါင်း ၁၄၀ ကျော်ကတော့ ဆောက်လုပ်ပြီးစီးနေပါပြီ။ ဘုရားပရဝုဏ်အတွင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအားလုံးကို မကြာမီရက်ပိုင်းအတွင်း အပြီးဆောင်ရွက်သွားမှာပါ။ တည်းခိုဆောင်ငှားရမ်းခ နှုန်းထားတွေကတော့ တစ်ရက်ကို အထူးခန်း(VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ ၁၁၀၀၀၀ ကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၈၀၀၀၀၊ ၆၀၀၀၀ ကျပ်နှုန်းနဲ့ ရိုးရိုးတည်းခိုဆောင်(ကုန်းပေါ်) တစ်ခန်းကို ငွေကျပ် ၄၀၀၀၀ နှုန်းဆိုပြီး ညှိနှိုင်းသတ်မှတ်ပေးထားပါတယ်။ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်စေဖို့အတွက် တည်းခိုဆောင် ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးများ သွားလာရေး အဆင်ပြေစေရန်အတွက် သောင်ပြင်အတွင်း၌ ယာယီဘေလီသံပေါင်တံတား(အထူးတံတား) တစ်စင်းကို ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုထံမှ သိရသည်။

မောင်မောင်(မင်းဘူး)