တနင်္သာရီ ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပညာရေးမှူးရုံးအစည်းအဝေးခန်းမအတွင်း၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အ.ထ.က-တနင်္သာရီ Grade-9 မှ ကျောင်းသား/သူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုကပြ၍ ပညာရေးစုံညီပွဲတော် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် အမှတ်(၂)စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က အမှာစကား ပြောကြားပေးပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက မြို့နယ်အတွင်း စုံညီပွဲတော်ကျင်းပရခြင်း၏ လုပ်ငန်းစဉ်များနှင့် ကျေးဇူးတင်စကား ပြောကြားပေးသည်။
ထို့နောက် အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက မြို့နယ်စုံညီပွဲတော်အတွက် ချီးမြှင့်ငွေ (၄)သိန်းကျပ်ကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက လက်ခံရယူသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက တနင်္သာရီမြို့-ဝင်္ကဘာတောင် ပညာဒါနကျောင်းရှိ ကျောင်းအိပ်/ကျောင်းစားကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ(၂၀)စုံပေးအပ်ရာ ကျောင်းသားနှစ်ဦးက (ကိုယ်စား)လက်ခံရယူခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီးမှ မြို့နယ်အဆင့် ကာယ/ဉာဏပြိုင်ပွဲများနှင့် အထိမ်းအမှတ် နေ့ကြီးရက်ကြီးများ၏ ပြိုင်ပွဲများ၌ (အထက်တန်း/အလယ်တန်း/မူလတန်း)အဆင့် ထူးချွန်ဆုရရှိကြသည့် ကျောင်းသူ/သားများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူက အထက်တန်းအဆင့် လူရည်ချွန်မောင်မယ် ကျောင်းသား/သူများအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျောင်းဝတ်စုံတို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ မြို့နယ်အဆင့်လူရည်ချွန်ဆုရ ကျောင်းသား/သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်ကလည်းကောင်း/ အခြေခံပညာကျောင်းများအသီးသီးမှ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့်တို့မှ ကဏ္ဍအလိုက် ပြိုင်ပွဲများ၌ ထူးချွန်ဆုရကျောင်းသူ/သားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
ထို့နောက် အထက-တနင်္သာရီ/ အထက-မော်တုန်း/ အလက-လယ်တောင်ယာ/ အမက-ချောင်းငယ်/ အမက-တပ်ဦးနှင့် အမက-အောက်ကင်းအရှေ့ကျောင်းများမှ ကျောင်းသား/သူလေးများက တိုင်းရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေကြရာ ဗိုလ်မှူးကြီး မျိုးမင်းသူက ကျောင်းသား/သူလေးများ၏ အကအဖွဲ့(၁၃)ဖွဲ့အတွက် တစ်ဖွဲ့လျှင် (၁၅၀၀၀)ကျပ်နှုန်း ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အလားတူ ကျောင်းသူ/သားလေးများ၏ အကအလှများကို နှစ်သက်သဘောကျသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်များနှင့် ကျောင်းသားမိဘများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးကြသည်။
ထို့နောက် အထူးအစီအစဉ်အနေဖြင့် ကျောင်းသား/သူလေးများ၏အကအဖွဲ့(၁၃)ဖွဲ့မှ ကပြဖျော်ဖြေမှုများကို အခမ်းအနားသို့ တက်ရောက်လာသူများက လျှို့ဝှက်စနစ်ဖြင့် အမှတ်ပေးကြရာ ပထမဆု အထက-မော်တုန်းကျောင်း/ ဒုတိယဆု အထက-တနင်္သာရီနှင့် တတိယဆု အလက-လယ်တောင်ယာကျောင်းများ၏ အကအဖွဲ့များအား မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးကာ ပညာရေးစုံညီပွဲတော် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်ပညာရေးစုံညီပွဲအခမ်းအနားသို့ အမှတ်(၂)၊စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေး ဒေါ်အေးအေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာအထက်တန်း/ အလယ်တန်း/မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ/မများ၊ ဆုရကျောင်းသား/သူများ၊ အကအဖွဲ့မှ ကျောင်းသား/သူလေးများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)