မြို့သစ် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ပလတ်စတစ် အသုံးပြုမှုလျှော့ချရေးနှင့်ပလတ်စတစ်၏ ဆိုးကျိုးများအကြောင်း၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဆရာဦးမြင့်ကြည်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ ဆရာဦးတင်မောင်ဝင်းက မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)