ပုသိမ် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာလုပ်ငန်းကိုအခြေခံသည့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိပြီး ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော်လည်း အချို့သောကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှု အားနည်းနေသည်ကိုလည်းတွေ့ရပါကြောင်း၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ အတည်ပြုခွင့်ပြုပေးထားသည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းတိုးတက်မှုများအား ကြပ်မတ်စစ်ဆေးရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့် ဆန်စပါး၊ ပဲနှင့်ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းကိစ္စ၊ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့် ပြန်လည်အပ်နှံခြင်းကိစ္စနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုဖြင့် ရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)