ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း (အ.လ.က)တွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ငဖဲ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲသဲမာက အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် အကြောင်းရင်းများ၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသစာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ငဖဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက အားကစားနည်းအမျိုးအစားများ၊ လူငယ်နှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်၊  မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသမားများက Physical Fitness Dance နှင့် ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြသ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)